Saturday, February 1, 2014

Java Tutorial 11

Java Tutorial 11(OOP) part 2

အရင်ပိုစ့်မှာ class ရဲ့ member function တွေအကြောင်းပြောခဲ့ပါတယ်၊ အခု member function တစ်ခုဖြစ်တဲ့ constructor ဆိုတဲ့ function အကြောင်းကိုဆွေးနွေးပါမယ်။ constructor ဆိုတာ class ရဲ့ member function တစ်ခုဖြစ်ပါတယ်၊ ဒီ function ကိုကြော်ငြာတဲ့အခါ constructor ရဲ့နာမည်ကို class ရဲ့နာမည်နဲ့တူအောင်ပေးရပါတယ်။ class နာမည်က Employee ဆိုရင် constructor ရဲ့နာမည်ကလည်း Employee ဖြစ်ရပါမယ်။ constructor ဆိုတဲ့ function ဟာဘာလုပ်တာလည်းလို့ မေးစရာရှိပါတယ်။ class ကနေ object တွေကိုဖန်တီးတဲ့ အချိန်မှာ၊ အဲဒီ object ရဲ့ constructor function ဟာအလိုအလျောက် ခေါ်(call)ခံရပါတယ်။ Person ဆိုတဲ့ class တစ်ခုရှိတယ်လို့ ဆိုကြပါဆို့၊ ဒီလိုမျိုး Person ppp = new Pserson(); ဆိုပြီး Person ဆိုတဲ့ class ကနေ ppp ဆိုတဲ့ object ကိုဖန်တီးလိုက်တဲ့အခါ၊ ppp object ရဲ့ constructor function ကအလုပ်လုပ်ပါတယ်။

constructor တွေမှာ return type မရှိပါဘူး။ constructor တွေကိုလည်း overload လုပ်နိုင်ပါတယ်။ class တွေမှာ constructor မထည့်ပေးလည်းဖြစ်ပါတယ်၊ မထည့်ရင်တော့ object ကြော်ငြာတဲ့အခါ constructor ကိုခေါ်မှာမဟုတ်ပါဘူး။

ဆိုပါတော့ User ဆိုတဲ့ class တစ်ခုရှိတယ်၊ သူ့မှာ overload ဖြစ်နေတဲ့ constructor function နှစ်ခုရှိတယ်။

class User {

String name;

int age;

int phone;

//first Constructor

public User() {

name = “Mr Unknown”;

age = 20;

phone = 000000;

}

//second Constructor

public User(String n, int a, int p) {

name = n;

age = a;

phone = p;

}

}

ဒီ User class နဲ့ object တစ်ခုကိုတည်ဆောက်ရာမှာ ဒီလိုမျိုး User uuu = new User(); ကြော်ငြာလိုက်မယ်ဆိုရင် ပထမ constructor ကအလုပ်လုပ်ပါတယ်။ parameter တွေထည့်ပြီးတော့ User uuu = new User(“Mg P”, 20, 111111); လို့ကြော်ငြာမယ်ဆိုရင် ဒုတိယ constructor ကအလုပ်လုပ်မှာပါ။ ဒုတိယ constructor ရဲ့အလုပ်လုပ်ပုံက၊ သူ့ကိုပေးလိုက်တဲ့ parameter ရဲ့တန်ဖိုးတွေကို object ရဲ့ field တွေထဲ ထည့်ပေးလိုက်တာပါ။

Parameter သုံးခုလက်ခံတဲ့ constructor ကိုကြော်ငြာထားတဲ့အတွက်၊ object တည်ဆောက်ရာမှာ parameter သုံးခုထည့်ပေးရတာပါ။ parameter နှစ်ခုပဲထည့်ပေးလို့မရပါဘူး၊ parameter နှစ်ခုကိုလက်ခံတဲ့ constructor မရှိလို့ပါ။ ဘာ constructor မှမရှိရင်တော့ new User() လို့ပဲအသုံးပြုရမှာပါ။

Method တွေမှာ return type ဆိုတာရှိပါတယ်၊ သူ့ကို method ရဲ့နာမည်ရှေ့မှာရေးရပါတယ်။ ဘာမှ return မပြန်ရင်တော့ void လို့ရေးရပါတယ်။ integer တန်ဖိုး return ပြန်ရင် int လို့ရေးရပါတယ်၊ object တစ်ခု return ပြန်လို့လည်းရပါတယ်၊ object ဆိုရင်တော့ object ရဲ့နာမည်ကိုရေးရပါတယ်။ return ပြန်ဖို့ function ထဲမှာ “return” ဆိုတဲ့ကုဒ်နဲ့ return ပြန်မယ့်တန်ဖိုးကို ရေးသားပေးရပါမယ်။

public int IntReturn() {

return 3;

}

ဒီ function မှာဆိုရင် integer တန်ဖိုးဖြစ်တဲ့ 3 ကို return ပြန်ထားပါတယ်၊ သူ့ကိုခေါ်မယ်ဆိုရင် အဖြေ 3 ကိုရမှာပါ။ ဒီ return ပြန်တဲ့အဖြေကို variable တစ်ခုခုထဲ ထည့်သိမ်းထားလို့ရပါတယ်၊ မထည့်ထားရင်တော့ return ပြန်တဲ့အဖြေက ပျောက်သွားပါလိမ့်မယ်။

Return ပြန်တဲ့အခါ function အလုပ်လုပ်တာရပ်သွားပါမယ်၊ return ပြန်တဲ့ကုဒ်ရဲ့အောက်မှာ တခြားကုဒ်တွေရှိရင် return ပြန်တဲ့အခါ၊ သူ့အောက်ကကုဒ်တွေက ဆက်ပြီးအလုပ်လုပ်မှာ မဟုတ်ပါဘူး။ return ပြန်တဲ့ကုဒ်မရှိရင်တော့ function ထဲကကုဒ်တွေအကုန်လုံး အလုပ်လုပ်မှာပါ။

တကယ်လို့ function ထဲမှာတွက်ချက်မှုတွေ လုပ်နေရင်း၊ function ကအလုပ်မပြီးသေးချိန် ကိုယ်လိုချင်တဲ့ အဖြေထွက်လာပါတယ်ဆိုပါဆို့။ အဲဒီအဖြေကို return ပြန်ပြီးကျန်တဲ့ကုဒ်တွေကို ဆက်ပြီးအလုပ်မလုပ်စေချင်ရင်၊ return ပြန်တဲ့ကုဒ်ကို function ရဲ့အဆုံးမှာမထည့်ပဲ function ရဲ့အလည်မှာထည့်မယ်ဆိုရင် အဆင်ပြေပါတယ်။

 

ထုပ်ပိုး စုဆောင်းခြင်း

Class တွေအများကြီးဖြစ်လာတဲ့အခါ ရှုပ်ထွေးမှုမဖြစ်ရအောင် အမျိုးအစားတူတဲ့ class တွေကိုစုဆောင်းထားဖို့လိုအပ်ပါတယ်။ အဲဒီအတွက် java မှာ package တွေတည်ဆောက်ပြီး၊ အမျိုးအစားတူရာ class တွေကို package တွေထဲမှာသိမ်းထားလို့ရပါတယ်။

အမှန်တကယ်တော့ package ဆိုတာ folder တစ်ခုပါပဲ။ ကိုယ့်ရဲ့ class ထဲမှာရှိတဲ့ ကုဒ်တွေထဲက  အပေါ်ဆုံးနေရာမှာ package ဆိုတဲ့ကုဒ်နဲ့ package နာမည်ကိုရေးရပါမယ်။ ပြီးတော့ အဲဒီကုဒ်ကို package နဲ့နာမည်တူတဲ့ folder ရဲ့အထဲမှာသိမ်းရပါမယ်။ ဥပမာ အနေနဲ့အောက်က class မျိုးရှိတယ်ဆိုပါဆို့။

“SalesClass.java”

package sales;

public class SalesClass {

}

ဒါဆိုရင်ဒီ class ကို “sales” ဆိုတဲ့ folder အောက်မှာသိမ်းထားရပါမယ်။

ဒီလိုမျိုး package တွေခွဲခြားတည်ဆောက်ခြင်းအားဖြင့် software အကြီးတွေကို ရေးရတာလွယ်ကူစေပါတယ်။ နမူနာအနေနဲ့ ဈေးရောင်းတဲ့ software ဆိုပါဆို့။ ဒါဆိုရင် ကုန်ပစ္စည်းအမျိုးမျိုးကို class တွေဆောက်ပါမယ်၊ ဥပမာ food, clothes, electronic, cosmictic, drink စသည်ဖြင့် class တွေဆောက်ပါမယ်၊ ပြီးတော့ ဒီ class တွေကို item ဆိုတဲ့ package ထဲထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင် makeOrder, cancelOrder, deliverOrder ဆိုတဲ့ class တွေကိုတော့ order ဆိုတဲ့ package ထဲထည့်ပေးလိုက်ပါမယ်။ အဲဒီလိုမျိုး တူရာတူရာ အမျိုးအစားတွေ စုပြီး class တွေကိုသိမ်းထားခြင်းဖြင့်၊ ပြုပြင်ပြောင်းလဲရတာ အသစ်ထပ်ထည့်ရတာ အဟောင်းတွေကိုဖျက်ရတာ တွေကိုလွယ်ကူစေပါတယ်။

 

Previous : Java Tutorial 10

1 comment:

  1. […] Java Tutorial 11UCSY News for graduation ceremonyProfessional Web Development with PHP – PHP Installation and […]

    ReplyDelete