Saturday, February 1, 2014

Java Tutorial 11

Java Tutorial 11(OOP) part 2

အရင်ပိုစ့်မှာ class ရဲ့ member function တွေအကြောင်းပြောခဲ့ပါတယ်၊ အခု member function တစ်ခုဖြစ်တဲ့ constructor ဆိုတဲ့ function အကြောင်းကိုဆွေးနွေးပါမယ်။ constructor ဆိုတာ class ရဲ့ member function တစ်ခုဖြစ်ပါတယ်၊ ဒီ function ကိုကြော်ငြာတဲ့အခါ constructor ရဲ့နာမည်ကို class ရဲ့နာမည်နဲ့တူအောင်ပေးရပါတယ်။ class နာမည်က Employee ဆိုရင် constructor ရဲ့နာမည်ကလည်း Employee ဖြစ်ရပါမယ်။ constructor ဆိုတဲ့ function ဟာဘာလုပ်တာလည်းလို့ မေးစရာရှိပါတယ်။ class ကနေ object တွေကိုဖန်တီးတဲ့ အချိန်မှာ၊ အဲဒီ object ရဲ့ constructor function ဟာအလိုအလျောက် ခေါ်(call)ခံရပါတယ်။ Person ဆိုတဲ့ class တစ်ခုရှိတယ်လို့ ဆိုကြပါဆို့၊ ဒီလိုမျိုး Person ppp = new Pserson(); ဆိုပြီး Person ဆိုတဲ့ class ကနေ ppp ဆိုတဲ့ object ကိုဖန်တီးလိုက်တဲ့အခါ၊ ppp object ရဲ့ constructor function ကအလုပ်လုပ်ပါတယ်။

constructor တွေမှာ return type မရှိပါဘူး။ constructor တွေကိုလည်း overload လုပ်နိုင်ပါတယ်။ class တွေမှာ constructor မထည့်ပေးလည်းဖြစ်ပါတယ်၊ မထည့်ရင်တော့ object ကြော်ငြာတဲ့အခါ constructor ကိုခေါ်မှာမဟုတ်ပါဘူး။

ဆိုပါတော့ User ဆိုတဲ့ class တစ်ခုရှိတယ်၊ သူ့မှာ overload ဖြစ်နေတဲ့ constructor function နှစ်ခုရှိတယ်။

class User {

String name;

int age;

int phone;

//first Constructor

public User() {

name = “Mr Unknown”;

age = 20;

phone = 000000;

}

//second Constructor

public User(String n, int a, int p) {

name = n;

age = a;

phone = p;

}

}

ဒီ User class နဲ့ object တစ်ခုကိုတည်ဆောက်ရာမှာ ဒီလိုမျိုး User uuu = new User(); ကြော်ငြာလိုက်မယ်ဆိုရင် ပထမ constructor ကအလုပ်လုပ်ပါတယ်။ parameter တွေထည့်ပြီးတော့ User uuu = new User(“Mg P”, 20, 111111); လို့ကြော်ငြာမယ်ဆိုရင် ဒုတိယ constructor ကအလုပ်လုပ်မှာပါ။ ဒုတိယ constructor ရဲ့အလုပ်လုပ်ပုံက၊ သူ့ကိုပေးလိုက်တဲ့ parameter ရဲ့တန်ဖိုးတွေကို object ရဲ့ field တွေထဲ ထည့်ပေးလိုက်တာပါ။

Parameter သုံးခုလက်ခံတဲ့ constructor ကိုကြော်ငြာထားတဲ့အတွက်၊ object တည်ဆောက်ရာမှာ parameter သုံးခုထည့်ပေးရတာပါ။ parameter နှစ်ခုပဲထည့်ပေးလို့မရပါဘူး၊ parameter နှစ်ခုကိုလက်ခံတဲ့ constructor မရှိလို့ပါ။ ဘာ constructor မှမရှိရင်တော့ new User() လို့ပဲအသုံးပြုရမှာပါ။

Method တွေမှာ return type ဆိုတာရှိပါတယ်၊ သူ့ကို method ရဲ့နာမည်ရှေ့မှာရေးရပါတယ်။ ဘာမှ return မပြန်ရင်တော့ void လို့ရေးရပါတယ်။ integer တန်ဖိုး return ပြန်ရင် int လို့ရေးရပါတယ်၊ object တစ်ခု return ပြန်လို့လည်းရပါတယ်၊ object ဆိုရင်တော့ object ရဲ့နာမည်ကိုရေးရပါတယ်။ return ပြန်ဖို့ function ထဲမှာ “return” ဆိုတဲ့ကုဒ်နဲ့ return ပြန်မယ့်တန်ဖိုးကို ရေးသားပေးရပါမယ်။

public int IntReturn() {

return 3;

}

ဒီ function မှာဆိုရင် integer တန်ဖိုးဖြစ်တဲ့ 3 ကို return ပြန်ထားပါတယ်၊ သူ့ကိုခေါ်မယ်ဆိုရင် အဖြေ 3 ကိုရမှာပါ။ ဒီ return ပြန်တဲ့အဖြေကို variable တစ်ခုခုထဲ ထည့်သိမ်းထားလို့ရပါတယ်၊ မထည့်ထားရင်တော့ return ပြန်တဲ့အဖြေက ပျောက်သွားပါလိမ့်မယ်။

Return ပြန်တဲ့အခါ function အလုပ်လုပ်တာရပ်သွားပါမယ်၊ return ပြန်တဲ့ကုဒ်ရဲ့အောက်မှာ တခြားကုဒ်တွေရှိရင် return ပြန်တဲ့အခါ၊ သူ့အောက်ကကုဒ်တွေက ဆက်ပြီးအလုပ်လုပ်မှာ မဟုတ်ပါဘူး။ return ပြန်တဲ့ကုဒ်မရှိရင်တော့ function ထဲကကုဒ်တွေအကုန်လုံး အလုပ်လုပ်မှာပါ။

တကယ်လို့ function ထဲမှာတွက်ချက်မှုတွေ လုပ်နေရင်း၊ function ကအလုပ်မပြီးသေးချိန် ကိုယ်လိုချင်တဲ့ အဖြေထွက်လာပါတယ်ဆိုပါဆို့။ အဲဒီအဖြေကို return ပြန်ပြီးကျန်တဲ့ကုဒ်တွေကို ဆက်ပြီးအလုပ်မလုပ်စေချင်ရင်၊ return ပြန်တဲ့ကုဒ်ကို function ရဲ့အဆုံးမှာမထည့်ပဲ function ရဲ့အလည်မှာထည့်မယ်ဆိုရင် အဆင်ပြေပါတယ်။

 

ထုပ်ပိုး စုဆောင်းခြင်း

Class တွေအများကြီးဖြစ်လာတဲ့အခါ ရှုပ်ထွေးမှုမဖြစ်ရအောင် အမျိုးအစားတူတဲ့ class တွေကိုစုဆောင်းထားဖို့လိုအပ်ပါတယ်။ အဲဒီအတွက် java မှာ package တွေတည်ဆောက်ပြီး၊ အမျိုးအစားတူရာ class တွေကို package တွေထဲမှာသိမ်းထားလို့ရပါတယ်။

အမှန်တကယ်တော့ package ဆိုတာ folder တစ်ခုပါပဲ။ ကိုယ့်ရဲ့ class ထဲမှာရှိတဲ့ ကုဒ်တွေထဲက  အပေါ်ဆုံးနေရာမှာ package ဆိုတဲ့ကုဒ်နဲ့ package နာမည်ကိုရေးရပါမယ်။ ပြီးတော့ အဲဒီကုဒ်ကို package နဲ့နာမည်တူတဲ့ folder ရဲ့အထဲမှာသိမ်းရပါမယ်။ ဥပမာ အနေနဲ့အောက်က class မျိုးရှိတယ်ဆိုပါဆို့။

“SalesClass.java”

package sales;

public class SalesClass {

}

ဒါဆိုရင်ဒီ class ကို “sales” ဆိုတဲ့ folder အောက်မှာသိမ်းထားရပါမယ်။

ဒီလိုမျိုး package တွေခွဲခြားတည်ဆောက်ခြင်းအားဖြင့် software အကြီးတွေကို ရေးရတာလွယ်ကူစေပါတယ်။ နမူနာအနေနဲ့ ဈေးရောင်းတဲ့ software ဆိုပါဆို့။ ဒါဆိုရင် ကုန်ပစ္စည်းအမျိုးမျိုးကို class တွေဆောက်ပါမယ်၊ ဥပမာ food, clothes, electronic, cosmictic, drink စသည်ဖြင့် class တွေဆောက်ပါမယ်၊ ပြီးတော့ ဒီ class တွေကို item ဆိုတဲ့ package ထဲထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင် makeOrder, cancelOrder, deliverOrder ဆိုတဲ့ class တွေကိုတော့ order ဆိုတဲ့ package ထဲထည့်ပေးလိုက်ပါမယ်။ အဲဒီလိုမျိုး တူရာတူရာ အမျိုးအစားတွေ စုပြီး class တွေကိုသိမ်းထားခြင်းဖြင့်၊ ပြုပြင်ပြောင်းလဲရတာ အသစ်ထပ်ထည့်ရတာ အဟောင်းတွေကိုဖျက်ရတာ တွေကိုလွယ်ကူစေပါတယ်။

 

Previous : Java Tutorial 10

Friday, January 31, 2014

UCSY News for graduation ceremony

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ၁၆ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်း အတွက် Form နှင့် ဘွဲ့ဝတ်စုံငှားဖို့အတွက် Form ကို ယနေ့ ၃၁ ရက်မှ စတင်ပြီး ကျောင်းသားရေးရာတွင် သွားရောက်ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။
ဒီနေ့တွင် သွားရောက်မထုတ်ယူနိုင်သော သူများအနေနဲ့လည်း တနင်္လာနေ့မှ လာရောက်ထုတ်ယူနိုင်ပါတယ်။

လာရောက်ထုတ်ယူသူတွေအနေနဲ့ ၃၅၀၀ ကျပ်ကိုပါ ပေးသွင်းရမှာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ယခုနစ်ပေးအပ်မည့် ဘွဲ့လက်မှတ်ကို ကတ္တီပါသားနဲ့ကွပ်ပြီး ပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

Form တွေကို ထုတ်ပြီးပြီဆိုရင်တော့ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ ဘွဲ့ဝတ်စုံ အငှားဌာနကို သွားရောက်ရမှာဖြစ်ပါတယ်။
ဘွဲ့ဓာတ်ပုံ ရိုက်ဖို့အတွက်လည်း တစ်ခါတည်း ငွေပေးသွင်းခဲ့ရမှာဖြစ်ပါတယ်။
( Main ထဲကိုတော့ စနေ့နေ့မှ သွားလည်း ရပါတယ်။)

credit to Spykit ( UCSY နေ့စဉ်သတင်းစာ )

Wednesday, January 29, 2014

Professional Web Development with PHP – PHP Installation and Configuration

ဒီ tutorial လေးမှာတော့ PHP ကို run ဖို့ လိုအပ်တဲ့ software တွေ install လုပ်ဖို့ကို တင်ပြပေးပါ့မယ်။ PHP ဟာ server side scripting language ဖြစ်တဲ့အတွက် သူ့ကို run ဖို့ web server လိုအပ်မှာ ဖြစ်ပါတယ်။ ပြီးရင် PHP code တွေကို parse လုပ်ပေးဖို့အတွက် PHP လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း projects ရေးတဲ့အခါမှာကို data တွေကို သိမ်းဖို့အတွက် databases လည်း လိုအပ်မှာ ဖြစ်ပါတယ်။


PHP ရဲ့ manual ထဲမှာတော့ တစ်ခုချင်းစီကို install လုပ်ပြီး ချိတ်ပြထားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ WAMP server ကို သုံးပြီး ဘယ်လို run ရမလဲဆိုတာကို ရှင်းပြပေးပါ့မယ်။ WAMP server ကို install လုပ်လိုက်ရင် Apache web server , PHP နဲ့ MySQL database တို့ကို install လုပ်ပြီးသား ချိတ်ပြီးသား ဖြစ်တဲ့အတွက် php projects တွေကို တစ်ခါတည်း run နိုင်တော့မှာ ဖြစ်ပါတယ်။


WAMP server လိုမျိုး တစ်ခြား software တွေ ရှိပါသေးတယ် အဲဒါတွေကတော့ XAMPP နဲ့ MAMP တို့ ဖြစ်ကြပါတယ်။ WAMP server ကတော့ Windows အတွက် အသုံးပြုဖို့ ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီ tutorial မှာ WAMP ကို ရွေးချယ်ရတာက ဒီ နိုင်ငံမှာ window သုံးတဲ့ users က ပိုများလို့ ဖြစ်ပါတယ်။ MAMP ကတော့ Mac OS မှာ အသုံးပြုဖို့ဖြစ်ပါတယ်။ XAMPP ကတော့ cross platform ဖြစ်တဲ့အတွက် OS တိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘယ် software ကို ပဲ သုံးသုံး Apache web server, PHP နဲ့ MySQL database ကို ပဲ install လုပ်ပေးမှာ ဖြစ်တဲ့အတွက် အသုံးပြုရတာ သိပ်ကွဲပြားမှာ မဟုတ်ပါဘူး။


အရင်ဆုံး WAMP server ကို install လုပ်လိုက်ကြရအောင်လားဗျာ။ WAMP server ကို install လုပ်ဖို့ အတွက် http://www.wampserver.com/en မှာ download လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ရဲ့ စက်မှာ Microsoft Visual C++ နဲ့ ပတ်သက်တဲ့ file မရှိဘူးဆိုရင် အဲဒီ့ website က ပေးတဲ့ link ကနေပြီး download လုပ်ပြီး install လုပ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


Download လုပ်ပြီးသွားရင်တော့ down ထားတဲ့ wampserver2.4.exe file ကို click လိုက်ပါ။ ကျွန်တော်ကတော့ နောက်ဆုံး ထွက်တဲ့ version ဖြစ်တဲ့ wampserver2.4 နဲ့ နမူနာလုပ်ပြပါမယ်။ အောက်က ပုံအတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။


wamp server



Next ကို နှိပ်လိုက်ပါ။ ပြီးရင် I accept the agreement ဆိုတဲ့ radio button လေးကို select လုပ်ပြီး Next ကို နှိပ်လိုက်ပါ။ Destination folder ရွေးခိုင်းတဲ့ အဆင့်ကို ရောက်ရှိသွားပါပြီ Next ကို ပဲ ဆက်နှိပ်လိုက်ပါ။ Create a Quick Launch icon နဲ့ Create a  Desktop icon တို့ကို အသုံးပြုမယ် ဆိုရင် အမှန်ခြစ်ပြီး Next နှိပ်လိုက်ပါ။ ပြီးရင် Install ကို နှိပ်လိုက်ပါ။ SMTP နဲ့ Email လာတောင်းတဲ့ wizard မှာလည်း Next ကိုပဲ နှိပ်လိုက်ပါ။ ပြီးရင် Launch WampServer 2 now ကို အမှန်ခြစ် ခြစ်ပြီး Finish button ကို နှိပ်လိုက်ပါ။ သင့် computer ရဲ့ ညာဘက်ထောင့်မှာ အောက်ကပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။


wamp server



ဒါဆိုရင်တော့ WampServer run နေပြီ ဖြစ်ပါတယ်။ ဒီ tray icon လေး စိမ်းနေရင် Apache web server ရော MySQL server ရော service on နေပြီ လို့ ပြောတာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီ icon လေး အနီရောင်ဆိုရင်တော့ သင့်ရဲ့ Apache web server ကော MySQL server ရော sevice မ on တဲ့အတွက် သင် PHP ကို run လို့ မရနိုင်ပါဘူး။ အ၀ါရောင်ဆိုရင်တော့ သင့်ရဲ့ server နှစ်ခုထဲက တစ်ခုပဲ service on ပြီး ကျန်တစ်ခုက service မ on လို့ ဖြစ်ပါတယ်။ ဥပမာ Apache server ပဲ service on ပြီး MySQL က service မ on တာဆိုရင် PHP ကိုတော့ သင် run နိုင်မှာ ဖြစ်ပေမယ့် database ကိုတော့ access လုပ်လို့ မရနိုင်ပါဘူး။ ဒီ icon လေးကို နှိပ်ပြီး Start All Services ကို နှိပ်လိုက်ရင် services တွေ အားလုံး start ဖြစ်သွားမှာ ဖြစ်ပြီး Stop All Services ကို နှိပ်လိုက်ရင်တော့ services တွေအားလုံး stop ဖြစ်သွားမှာ ဖြစ်ပါတယ်။


Icon လေးကိုနှိပ်ပြီး Apache ပေါ်ကို mouse pointer တင်လိုက်မယ်ဆိုရင်တော့ Version, Service, Apache modules, Alias directories ဆိုတဲ့ folder ပုံစံ icon လေးတွေပါတဲ့ menu လေးခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာရွက်ပုံ icon နဲ့ httpd.conf, Apache error log, Apache access log စတဲ့ menu သုံးခုကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အောက်ကပုံက မှင်နီနဲ့ ၀ိုင်းထားတဲ့ နေရာလေးကို ပြောတာဖြစ်ပါတယ်။


wamp server



Version ဆိုတဲ့ menu လေးပေါ်ကို mouse pointer လေးတင်လိုက်မယ်ဆိုရင် Apache ရဲ့ version number ကို ဖော်ပြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Service ပေါ်ကို mouse pointer လေးတင်လိုက်ရင် အောက်ကပုံလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။


wamp server



အဲဒီ့မှာ apache service က start လုပ်ပြီးသား ဖြစ်နေတဲ့အတွက် ကြောင့် Start/Resume Service menu က မှိန်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ stop service ကို နှိပ်ပြီး service ကို stop လုပ်နိုင်သလို တစ်ခြား menu တွေကိုလည်း စမ်းသပ်သုံးကြည့်လို့ရပါသေးတယ်။ အရမ်းလည်း အရေးမကြီး မထူးဆန်းတဲ့အတွက် အသေးစိက်ကိုတော့ မရေးတော့ပါဘူး။


Apache modules ဆိုတဲ့ menu လေးကို mouse pointer လေးတင်လိုက်ရင်တော့ Apache ရဲ့ module တွေကို list တွေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကိုယ့် project က လိုအပ်တဲ့ modules တွေကို အမှန်ခြစ် ခြစ်လိုက်ရုံနဲ့ Apache ရဲ့ အဲဒီ့ ခြစ်လိုက်တဲ့ modules ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့ PHP framework တွေက Apache ရဲ့ rewrite module ကို အသုံးပြုရမှာ ဖြစ်တဲ့အတွက် အဲလိုအချိန်မျိုးမှာ rewrite_module ဆိုတဲ့ list လေးကို အမှန်ခြစ် ခြစ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


Alias directories ကတော့ ကျော်ခဲ့ပါတော့မယ် နောက်မှ လိုအပ်ရင် ထပ်ပြောပေးပါ့မယ်။


httpd.conf ဆိုတဲ့ menu ကို နှိပ်လိုက်ရင် Apache ရဲ့ configuration file ကို notepad နဲ့ ဖွင့်ပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဒီလိုမျိုး စာသားတွေကို တွေ့ရမှာ ဖြစ်ပါတယ်….


#


# NOTE: Where filenames are specified, you must use forward slashes


# instead of backslashes (e.g., "c:/apache" instead of "c:\apache").


# If a drive letter is omitted, the drive on which Apache.exe is located


# will be used by default.  It is recommended that you always supply


# an explicit drive letter in absolute paths to avoid confusion.


# ကို apache ရဲ့ configuration file ထဲမှာ comment အနေနဲ့ အသုံးပြုတဲ့အတွက် # နောက်ကလိုင်းတွေကို server က skip လုပ်သွားမှာ ဖြစ်ပါတယ်။ ရှေ့မှာ # မခံထားတဲ့


ServerRoot "c:/wamp/bin/apache/apache2.2.21" ဆိုတဲ့ စာသားလေးကို တွေ့ပါလိမ့်မယ်။ အဲဒီ့ စာသားလေးဟာ Apache Web Server software ဘယ်နေရာမှာ ရှိလဲဆိုတာကို ဖော်ပြတဲ့ directory ကို ရေးထားတာ ဖြစ်ပါတယ်။


Listen 80


ဆိုတဲ့ စာသားလေးက post နံပါတ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကိုက post နံပါတ်ကို ချိန်းချင်ရင် အဲဒီ့ စာသားလေးကို ချိန်းရမှာ ဖြစ်ပါတယ်။ ဥပမာ…Listen 8088 လို့ ပြင်ရေးလိုက်တာဟာ post နံပတ်ကို ချိန်းလိုက်တာ ဖြစ်ပါတယ်။


အောက်ကို ဆက်ဆင်းပြီး ကြည့်လိုက်မယ်ဆိုရင်


DocumentRoot "c:/wamp/www/"


ဆိုတဲ့ စာသားကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ စာသားကတော့ PHP နဲ့ ရေးထားတဲ့ projects တွေကို ထည့်သွင်းရမယ့် နေရာ (directory) ကို ရည်ညျွန်းဖော်ပြတာ ဖြစ်ပါတယ်။


<Directory "c:/wamp/www/">


    #


    # Possible values for the Options directive are "None", "All",


    # or any combination of:


    #   Indexes Includes FollowSymLinks SymLinksifOwnerMatch ExecCGI MultiViews


    #


    # Note that "MultiViews" must be named *explicitly* --- "Options All"


    # doesn't give it to you.


    #


    # The Options directive is both complicated and important.  Please see


    # http://httpd.apache.org/docs/2.2/mod/core.html#options


    # for more information.


    #


    Options Indexes FollowSymLinks



    #


    # AllowOverride controls what directives may be placed in .htaccess files.


    # It can be "All", "None", or any combination of the keywords:


    #   Options FileInfo AuthConfig Limit


    #


    AllowOverride all


    #


    # Controls who can get stuff from this server.


    #



#   onlineoffline tag - don't remove


    Order Deny,Allow


    Deny from all


    Allow from 127.0.0.1


</Directory>



အထက်က <Directory "c:/wamp/www/">  က စပြီး </Directory> အထိရေးထားတဲ့ စာသားတွေက ကိုယ့်ရဲ့ projects ကို ဘယ်နေရာကနေပြီး access လုပ်နိုင်မလဲလို့ configure လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီမှာ Allow from 127.0.0.1 လို့ ရေးထားတဲ့ စာသားကြောင့် သင့်ရဲ့ စက်တစ်လုံးတည်းသာ ( apache web server ကို install လုပ်ထားတဲ့ စက်) သာ သင့်ရဲ့ PHP projects တွေကို access လုပ်နိုင်မှာ ဖြစ်တဲ့အတွက် သင့်ရဲ့ ကိုယ်ပိုင် browser ကနေပဲ သင့်ရဲ့ PHP project တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Deny from all ဆိုတဲ့ စာသားကို ဖြတ်ပြီး Allow from all လို့ ပြောင်းလိုက်မယ် ဆိုရင်တော့ သင့်ရဲ့ projects ကို network ချိတ်ထားတဲ့ တစ်ခြားစက်တွေရဲ့ browser တွေကနေလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



အခု ဆက်လက်ပြီး MySQL ဆိုတဲ့ menu လေးပေါ် mouse pointer တင်ကြည့်လိုက်ပါဦး အောက်က ပုံအတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။


wamp server



Version ဆိုတဲ့ menu ကို နှိပ်လိုက်ရင်တော့ version ကို ပြထားတာကို တွေ့ရပါလိမ့်မယ်။ Service ဆိုတဲ့ menu ကတော့ apache ရဲ့ Service ဆိုတဲ့ menu အတိုင်း service တွေကို start/stop လုပ်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ apache ရဲ့ Service ဆိုတဲ့ menu အတိုင်း အသုံးပြုနိုင်တဲ့အတွက် အသေးစိတ်ကို ထပ်မရှင်းပြတော့ပါဘူးနော်။


MySQL console ကို နှိပ်လိုက်မယ်ဆိုရင်တော့ Command Prompt လိုမျိုး အမည်းရောင် screen ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ့ console ကို သုံးပြီး MySQL database ထဲမှာ databases တွေ တည်ဆောက်တာ table တွေတည်ဆောက်တာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Database Tutorial ကို ရေးတော့မှ ပဲ ကျန်တဲ့ အသေးစိတ်ကို ဆက်ရှင်းပြပေးပါ့မယ်။ အရင်ဆုံး အဲဒီ့ console ကို သုံးပြီး သင့် database ရဲ့ password ကို ချိန်းလိုက်ရအောင်နော်။ သင့် database မှာ password မရှိသေးလို့  ချိန်းခိုင်းရတာ ဖြစ်ပါတယ်။ အဲဒါဆို console ကို နှိပ်ပြီး အောက်က ပုံထဲမှာ ရိုက်ထားတဲ့ command တွေအတိုင်း လိုက်ရိုက်လိုက်ပါနော်။


Wamp Server



အဓိက ရိုက်ရမယ့် command တွေကတော့ use mysql, ပြီးရင် update user set password=password(‘root’) where user=’root’; တို့ ဖြစ်ပါတယ်။ ပုံမှာ လည်းပါတဲ့အတွက် သေချာကြည့်ပြီး ရိုက်လိုက်ပါနော်။ ပြီးရင် icon ကို နှိပ်ပြီး Restart All Services ကို နှိပ်လိုက်ပါနော်။ icon လေးက အစိမ်းရောင်လေး ပြန်ဖြစ်သွားရင်တော့ သင့် database ရဲ့ password က ချိန်းပြီးသွားပြီး ဖြစ်ပါတယ်။ password က root ဖြစ်ပါတယ်။ command မှာ ရိုက်တုန်းက password(‘root’) လို့ ထည့်လိုက်တဲ့အတွက်ကြောင့် သင့် password က root ဖြစ်သွားတာ ဖြစ်ပါတယ်။ တစ်ကယ်လို့ command မှာ သင်က password(‘itstudentpro’) လို့ ရိုက်လိုက်မယ်ဆိုရင်တော့ သင့် password က itstudentpro ဖြစ်သွားမှာ ဖြစ်ပါတယ်။


ပြီးရင် PHP menu ပေါ်ကို mouse pointer လေးတင်ကြည့်ပါဦးနော်…အောက်ကပုံလေးကို တွေ့ရမှာပါ။


wamp server



PHP extensions ကိုပဲ ပြောတော့မယ်နော် ကျန်တဲ့ setting တွေက မပြင်လည်း သူ့ရဲ့ default အတိုင်း အသုံးပြုရ အဆင်ပြေနေလို့ ဖြစ်ပါတယ်။ ပြေနေရင် post က အရမ်းရှည်သွားမှာ စိုးလို့ပါ။


PHP extensions ကို နှိပ်လိုက်မယ်ဆိုရင်တော့ php ရဲ့ extensions list တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ဟာ PHP နဲ့ MySQL databases ကို ချိတ်ဆက်ပြီး အသုံးပြုချင်တယ်ဆိုရင် php_mysql ဆိုတဲ့ list ကို အမှန်ခြစ်ခြစ်ပြီး ရွေးပေးထားရမှာ ဖြစ်ပါတယ်။


ကဲ ကျွန်တော် ဒီ installation and configuration အကြောင်းကို ရေးလိုက်တာ တော်တော်လေးရှည်သွားတဲ့အတွက်တောင်းပန်ပါတယ်။ နောက် chapter တွေမှာ PHP အကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်….မေးမြန်းဖို့ပဲ ဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ waiphyoaung@ucsy.edu.mm ကို email ပေးပို့ပြီး ဝေဖြန် အကြံညဏ်ပေးပို့ နိုင်ပါတယ်။


Previous Chapter << PHP Introduction

Tuesday, January 28, 2014

Java Tutorial 10

Java Tutorial 10 (OOP)

Java ဟာ object-oriented programming(OOP) language တစ်ခုဖြစ်ပါတယ်။ OOP program တစ်ခုဟာ object တွေနဲ့ပါဝင်ဖွဲ့စီးထားပါတယ်၊ java program တွေတော်တော်များများဟာ object တွေအများကြီးနဲ့ စုပေါင်းတည်ဆောက်ထားတာပါ။ object တွေဟာသူတို့နဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်၊ အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ သူတို့အချင်းချင်း ပတ်သက်ဆက်နွယ်ပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။ program အကြီးတွေတည်ဆောက်တဲ့ အခါမှာ အဲဒီ program ရဲ့အလုပ်ဟာ အင်မတန်ရှုပ်ထွေးပါတယ်၊ အဲဒီအခါ အလုပ်တွေကို အစိတ်အပိုင်းသေးသေးလေးတွေ အဖြစ်ခွဲထုက်လိုက်ရပါတယ်။ အဲဒီ အလုပ်အစိတ်အပိုင်းလေးတွေကို လုပ်ဆောင်နိုင်တဲ့ program အစိတ်အပိုင်းတွေတည်ဆောက်ပြီး၊ အဲဒီ program အစိတ်အပိုင်းတွေကို ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ အလွန်ကြီးမားတဲ့ software ကြီးတစ်ခုကိုရရှိပါတယ်။

Object တွေမှာ အစိတ်အပိုင်းနှစ်ခုပါဝင်ပါတယ်၊ state (အင်္ဂါ)တွေနဲ့ behavior (အမူအကျင့် အလုပ်) ဆိုတဲ့ characteristics တွေပါဝင်ပါတယ်။ ဥပမာ လူဆိုပါတော့ လူမှာ ခေါင်းခါးခြေလက် အရပ် ကိုယ်အလေးချိန် စသည်ဖြင့် state တွေရှိသလို၊ အစာစားခြင်း သွားလာလှုပ်ရှားခြင်း စသည်ဖြင့် behavior တွေလည်းရှိပါတယ်။

 

Class

Class ဆိုတာ object ရဲ့တည်ဆောက်ပုံ ပုံကြမ်းပါပဲ၊ object တစ်ခုဟာ ဘယ်လိုမျိုး ဖွဲ့စည်းတည်ဆောက်ထားရမလဲဆိုတာကို class ကသတ်မှတ်ပေးပါတယ်။ ကိုယ်လိုချင်တဲ့ object တစ်ခုရအောင်လို့ class ထဲမှာပုံကြမ်းတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ လောကကြီးကိုကြည့်လိုက်ပါ သဘောတရားတူညီသော အမျိုးအစားတူညီသော အရာဝတ္ထုတွေ သက်ရှိတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် laptop computer ဆိုပါတော့ အဲဒီ laptop computer တွေမှာ brand တွေအများကြီးကွဲပြားနေပါတယ်၊ lenovo, acer, toshiba, hp, dell စသည်ဖြင့်ပေါ့၊ ဒါပေမဲ့သူတို့တွေဟာ အမျိုးအစားနဲ့လုပ်ဆောင်ချက်တွေ ဆင်တူပါတယ်၊ ဆိုလိုတာက သူတို့အားလုံးမှာ memory ပါမယ် CPU ပါမယ် motherboard ပါမယ် harddisk ပါမယ် စသည်ဖြင့်ပေါ့။ အဲဒီလိုအမျိုးအစားတူတဲ့ အတွက်သူတို့ကို class တူတယ်လို့ပြောလို့ရပါတယ်။ ဒါဆိုရင် OOP ရဲ့သဘောတရားအရဆိုရင် Lenovo, acer, Toshiba တို့ဆိုတာ object တွေပါ၊ laptop computer ဆိုတာကတော့ class ပါပဲ၊ ဒီ Lenovo တို့ acer တို့ဟာ laptop computer ဆိုတဲ့အမျိုးအစားတူညီကြပါတယ်။ အဲဒီတော့ laptop computer ဆိုတဲ့ class တစ်ခုတည်ဆောက်ပြီးတော့ lenovo, acer, toshiba, hp, dell စသည် object တွေကိုလည်းဖန်တီးနိုင်ပါတယ်။

 

ဒါဆိုရင် ဘယ်မျိုး class တွေ object တွေတည်ဆောက်မလဲ။ software တစ်ခုရေးတော့မယ်ဆိုရင် အရင်ဆုံး ဘယ်အစိတ်အပိုင်းတွေ ဘယ်လိုလုပ်ဆောင်သလဲ ဆိုတာစဉ်းစားသတ်မှတ်ရပါမယ်၊ အဲဒီ software မှာပါဝင်မယ့် noun(နာမ်) တွေကိုရှာဖွေရပါမယ်၊ အဲဒီ noun တွေကို class အဖြစ်ဖန်တီးရပါမယ်။ software မှာပါဝင်တဲ့ verb(ကြိယာ) တွေကိုတော့ behavior အဖြစ်သတ်မှတ်ရပါမယ်။ ဥပမာဆိုပါတော့ ဈေးဝယ်တဲ့ software တစ်ခုမှာ ပစ္စည်းမှာမယ်ဆိုပါတော့၊ ဒါဆိုရင် item, order, customer address စသည်တို့ကို class တွေအဖြစ်သတ်မှတ်ရပါမယ်။ အော်ဒါမှာတဲ့ verb တွေဖြစ်တဲ့ addToCart(), cancelOrder(), deliverOrder() စသည်ဖြင့် behavior တွေသတ်မှတ်ပေးရပါမယ်။

 

Class ကိုစတင်အသုံးပြုခြင်း

Class တစ်ခုကိုအောက်ကနမူနာအတိုင်း ကြော်ငြာရပါတယ်။

class SampleClass {

 

}

 

တွန့်ကွင်းထဲမှာ အဲဒီ class ရဲ့ state(variable) နဲ့ behavior(function) တွေထည့်သွင်း ရေးသားပေးရပါမယ်။ variable ကို property လို့လည်းခေါ်လို့ရပါတယ်၊ function ကိုလည်း method လို့ခေါ်လို့ရပါတယ်။ class ထဲမှာ property တွေထည့်သွင်းကြော်ငြာမယ်ဆိုရင် variable ကြော်ငြာသလိုပါပဲ။

 

variable တွေကိုသုံးမျိုးခွဲခြားနိုင်ပါတယ်၊ class ရဲ့တွန့်ကွင်းထဲမှာ class ရဲ့အောက်တည့်တည့်မှာ တိုက်ရိုက်ပါဝင်တဲ့ variable ကို field လို့ခေါ်ပါတယ်။ method ထဲမှာပါတဲ့ သို့မဟုတ် class ရဲ့တွန့်ကွင်းမဟုတ်တဲ့ တခြားတွန့်ကွင်းထဲမှာ ပါတဲ့ variable ကိုတော့ local variable လို့ခေါ်ပါတယ်။ method ကြော်ငြာတဲ့အထဲမှာ ပါတဲ့ variable ကို parameter လို့ခေါ်ပါတယ်။ ဒါဆိုရင် class တစ်ခုကိုကြော်ငြာပြီး အဲဒီ class ရဲ့ field တွေကိုပါကြော်ငြာတဲ့ နမူနာတစ်ခု ရေးကြည့်ရအောင်လား။

 

class LaptopComputer {

public int memorySize;

private string CPU;

public int harddiskSize;

}

 

ဒီမှာတစ်ခုသတိထားမိတာရှိ ပါလိမ့်မယ်၊ private နဲ့ public ဆိုတဲ့စာကားလုံးတွေပါ။ အဲဒီစကားလုံးတွေကို access modifier လို့ခေါ်ပါတယ်၊ တခြား access modifier တွေလည်းရှိပါတယ် ဒါပေမဲ့ လောလောဆယ် ဒီနှစ်ခုကိုပဲမှတ်သားထားပါ ကျန်တာတွေနောက်မှပဲ ရှင်းပြပါမယ်၊ ဒါမှမဟုတ်ရင်လည်း မိမိဘာသာရှာဖွေလေ့လာကြည့်ပါ။ private လို့ကြော်ငြာထားတဲ့ field variable ကိုဒီ class ထဲကနေပဲအသုံးပြုလို့ရပါတယ် တခြားနေရာကနေ တခြား class တစ်ခုကနေ ယူသုံးလို့မရပါဘူး။ public လို့ကြော်ငြာထားရင်တော့ ဘယ်နေရာကနေ ဖြစ်ဖြစ်ယူသုံးလို့ရပါတယ်။

Member Function

Function ဆိုတာကုဒ်အစုအဝေး တစ်ခုပါ၊ သူကဒီအတိုင်းနေရင် အလုပ်မလုပ်ပါဘူး၊ သူ့ကိုအလုပ်လုပ်ဖို့ခေါ်(call)လိုက်မှ သူကလုပ်တာပါ။ class တစ်ခုကို run လိုက်ရင်အဲဒီ class ထဲက main ဆိုတဲ့ function ကို system ကအလိုအလျောက်ခေါ်ပါတယ်။ မိတ်ဆွေတို့ main function ကိုမြင်ဖူးပါတယ်။ function တစ်ခုကိုဘယ်လို ကြော်ငြာရလည်းဆိုတာ အောက်မှာကြည့်ပါ။

public int calculateMemorySize() {

 

}

public ဆိုတာက access modifier ပါသူ့အကြောင်းကို အပေါ်မှာရှင်းပြပြီးပါပြီ။ function တွေမှာလည်း access modifier က field variable ကလိုပါပဲ။ int ဆိုတာက return type လို့ခေါ်ကြပါတယ်။ function တစ်ခုကိုခေါ်ပြီးရင် အဲဒီ function ကအလုပ်လုပ်လို့ပြီးချိန်မှာ၊ သူတွက်ချက်ပြီးလို့ ရတဲ့တန်ဖိုးကို function ခေါ်တဲ့နေရာကိုပြန်ပေးပါတယ်။ return ပြန်တဲ့တန်ဖိုးက int အမျိုးအစားဆိုရင် int လို့ရေးရပြီး၊ string ဆိုရင် string လို့ရေးရတယ်။ ဘာတန်ဖိုးမှ return မပြန်ရင် void လို့ရေးရတယ်။ () လက်သည်းကွင်းရဲ့ရှေ့ကတော့ function ရဲ့နာမည်ပဲဖြစ်ပါတယ်။

 

လက်သည်းကွင်းထဲမှာ တန်ဖိုးတစ်ခုခု သို့မဟုတ် variable တစ်ခုခုထည့်ပေးလို့ရပါတယ်။ အဲဒီတန်ဖိုးက parameter လို့ခေါ်ပါတယ်။ function အလုပ်လုပ်တဲ့အခါမှာ လိုအပ်တဲ့တန်ဖိုးကို၊ အဲဒီ function ကိုခေါ်တဲ့အခါမှာ လက်ဆင့်ကမ်းပေးလိုက်ရပါတယ်။ ဒါကို parameter passing လို့ခေါ်ပါတယ်။

 

Function တစ်ခုကိုခေါ်မယ်ဆိုရင် အရင်ကြော်ငြာဖို့လိုအပ်ပါတယ်၊ ကြော်ငြာထားတဲ့ function ကိုပဲခေါ်လို့ရပါတယ်။ function ရဲ့နာမည်ကိုရေးခြင်းဖြင့် function ကိုခေါ်ဆိုနိုင်ပါတယ်။

 

public class Computer {

public int memorySize;

public int displayMemorySize() {

System.out.println(memorySize);

}

public static void main(String[] args) {

Computer lenovo = new Computer();

lenovo.memorySize = 4;

lenovo.displayMemorySize(); //function called

}

}

 

ဒီအပေါ်ကကုဒ်မှာ Computer lenovo = new Computer(); ဆိုတဲ့ကုဒ်ကို သတိထားမိပါလိမ့်မယ်။ အဲဒါက class တစ်ခုရဲ့ object တစ်ခုကိုကြော်ငြာတဲ့ကုဒ်ပါ။ ဒီကုဒ်မှာဆိုရင် lenovo ဆိုတာ object ဖြစ်ပြီးတော့၊ Computer ဆိုတာကအဲဒီ object ရဲ့အမျိုးအစား(type)ပါပဲ။ java မှာ object ဆိုတာ variable တစ်ခုပါပဲ၊ variable ကြော်ငြာသလိုမျိုး object ကိုကြော်ငြာရပါတယ်။ new Computer() ဆိုတဲ့ကုဒ်က Computer ဆိုတဲ့ class ကနေပြီး object တစ်ခုကိုဖန်တီးလိုက်တာပါ။

lenovo ဆိုတဲ့ object ရဲ့ member variable တွေ ဒါမှမဟုတ် member function တွေကို ယူသုံးချင်တယ်ဆိုရင်၊ အဲဒီ object ရဲ့နောက်ကနေ “.” dot ခံပြီး variable နှင့် function တွေကိုအသုံးပြုလို့ရပါတယ်။ ဒီလိုပေါ့ lenovo.memorySize; ဒါဆိုရင် lenovo ရဲ့ field ကိုအသုံးပြုတာပါ၊ Lenovo.displayMemorySize(); ဆိုရင်တော့၊ displayMemorySize() function ကိုခေါ်တာပါ။

method သို့မဟုတ် function တွေကိုခေါ်တဲ့နေရာမှာ parameter တွေထည့်ပေးနိုင်ပါတယ်၊ အဲဒီ parameter တွေက function အလုပ်လုပ်တဲ့ အထဲကိုရောက်သွားမှာပါ။ function လက်ခံနိုင်တဲ့ parameter အမျိုးအစားနှင့် အရေအတွက်ကိုသာ ပေးပို့နိုင်တာပါ။

Java class တစ်ခုမှာ နာမည်တူတဲ့ method တွေတစ်ခုထက် ပိုရှိခွင့်ရှိပါတယ်။ method တွေဟာနာမည်တူလို့ရပေမယ့် method signatures တော့တူလို့မရပါဘူး၊ ဆိုလိုတာက မတူညီတဲ့ parameter တွေရှိရပါမယ်။ ဒီလိုနာမည်တူ method တွေကို overloaded method လို့ခေါ်ပါတယ်။ overloaded method တွေကို system ကခွဲခြားစစ်ဆေးရာမှာ parameter တွေရဲ့ type နဲ့ အရေအတွက်ကို ကြည့်ပြီးခွဲခြားပါတယ်။

Previous : Java Tutorial 9

Next : Java Tutorial 11

Monday, January 27, 2014

Professional Web Development with PHP - PHP Introduction

PHP Introduction


PHP ဟာ server-side scripting language တစ်မျိုးဖြစ်ပါတယ်။ server-side language ဆိုတာက Web Server ပေါ်မှာ Run နိုင်တဲ့ language ကို ပြောတာဖြစ်ပါတယ်။ PHP ကို general-purpose programming language အနေနဲ့ အသုံးပြုနိုင်ပေမယ့် အဓိကအားဖြင့် Web Development လုပ်တဲ့နေရာမှာသာ အများဆုံးအသုံးပြုကြပါတယ်။ PHP language ကို Desktop application တွေရေးသားရာမှာ အသုံးပြုနိုင်ပေမယ့် web development အတွက်သာ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် language ဖြစ်တဲ့ အတွက် Web Development လုပ်တဲ့နေရာမှာပဲ အသုံးပြုစေချင်ပါတယ်။


“PHP: Hypertext Preprocessor” ကို အစွဲပြုပြီး PHP ဆိုတဲ့ အမည်ကိုပေးထားတာ ဖြစ်ပါတယ်။ PHP ဟာ Open Source language တစ်မျိုးဖြစ်တဲ့အတွက် free အသုံးပြုနိုင်တဲ့ language တစ်မျိုးဖြစ်ပါတယ်။ PHP ဟာ platform dependent မဖြစ်တဲ့အတွက် Windows, Mac နဲ့ Linux operating system တွေပေါ်မှာ အဆင်ပြေပြေ run နိုင်တဲ့ language တစ်မျိုးဖြစ်ပါတယ်။ PHP ကို free အသုံးပြုနိုင်တဲ့ Apache web server ပေါ်မှာ အများဆုံး အသုံးပြုကြတာ ဖြစ်တဲ့အပြင် Microsoft ရဲ့ ပိုက်ဆံပေးပြီး ၀ယ်ရတဲ့ IIS Web Server ပေါ်မှာလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။


PHP ကို ကမ္ဘာပေါ်မှာရှိတဲ့ 244 million ထက်များတဲ့ website တွေမှာ အသုံးပြုနေကြတာဖြစ်တဲ့အပြင် 2.1 million ကျော်တဲ့ web servers တွေပေါ်မှာ run နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် TIOPE index community ရဲ့ တွဲချက်မှုအရ PHP ဟာ ကမ္ဘာပေါ်မှာရှိတဲ့ programming language တွေထဲမှာ popularity အဆင့် ၆ ရရှိထားတဲ့ language လည်း ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် PHP ကို ဘာကြောင့် လေ့လာသင့်သလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။


ဆက်လက်ပြီး PHP ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း လေးကိုလည်း ပြောပြချင်ပါသေးတယ်။ နောက် chapter မှသာ PHP run ဖို့ installation လုပ်ရတာတွေ ဘယ်လိုမျိုး run ရတယ်ဆိုတာတွေကို ဆက်လက်ရှင်းပြပေးပါ့မယ်။


History


PHP ကို ၁၉၉၅ ခုနှစ်မှာ Rasmus Lerdorf က စတင်တီထွင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ PHP Group က ဆက်လက်ပြီး ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ Rasmus Lerdorf ဟာ သူရဲ့ personal homepage ကို maintain လုပ်ဖို့ ရည်ရွယ်ချက်နဲ့ Common Gateway Interface (CGI) Perl scriptes တွေကို ရေးသားခဲ့ပြီး PHP ကို စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူတီထွင်ခါစက သူ့ရဲ့ resume ကို ဖော်ပြဖို့နဲ့ သူ့ရဲ့ web traffic ကို record လုပ်ဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ performance ကောင်းဖို့အတွက် C language ကိုအသုံးပြုပြီး ရေးသားခဲ့တာဖြစ်တဲ့အပြင် web forms တွေကို databases နဲ့ communicate လုပ်နိုင်အောင် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ “Personal Home Page / Forms Interpreter” သို့မဟုတ် PHP/FI         ဆိုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။


Zeev Suraki နဲ့ Andi Gutmans တို့ နှစ်ယောက်ဟာ ၁၉၉၇ ခုနှစ်မှာ Lerdorf ရေးထားတဲ့ Personal Home Page Tools ကို parser အနေနဲ့ ပြန်လည် ရေးသားခဲ့ပါတယ်။  ဒါ့အပြင် language ရဲ့ နာမည်ကိုလည်း [PHP: Hypertext Preprocessor] PHP လို့ နာမည်ပြောင်းပေးခဲ့ပြီး PHP 3 ကို တရားဝင်အနေနဲ့ ၁၉၉၈ ခုနှစ်မှာ launch လုပ်ခဲ့ပါတယ်။ Suraski နဲ့ Gutmans တို့ နှစ်ယောက်ဟာ PHP ရဲ့ core ကို ပြန်လည် ရေးသားခဲ့ပြီး Zend Engine ကို 1999 ခုနှစ်မှာ release လုပ်နိုင်ခဲ့ပါတယ်။


ဒါကတော့ PHP ရဲ့ သမိုင်းကြောင်း အကျဉ်းလေးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး PHP အကြောင်းကို itstudentpro.com website လေးမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ PHP ဟာ အသုံးတွင်ကျယ်နေတဲ့ language ဖြစ်နေသလို သူ့ရဲ့ framework တွေဟာလည်း လူသုံးများနေတဲ့အတွက် web development ကို လေ့လာနေတဲ့ IT သမားများအတွက် PHP ကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ PHP ဟာ version 5.5.7 ( stable release in December 12, 2013) အထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။


နောက် chapter မှာ PHP ကို run ဖို့ ဘာတွေ install လုပ်ရပြီး ဘယ်လို အသုံးပြုရမလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


Next Chapter >> PHP Installation and Configuration

Sunday, January 26, 2014

Java Tutorial 9

Java Tutorial 9

Array ဆိုတာ data အစုအဝေးကြီးပါ၊ type(အမျိုးအစား) တူသော variable တွေကိုစုထားတဲ့ အစုအဝေးတစ်ခုပါပဲ။ အဲဒီလိုစုဝေးနေတော့ ကိုလိုချင်တဲ့ data တစ်ခုချင်းစီကို အစုအဝေးထဲက ဘယ်လိုဆွဲထုတ်မလဲလို့ မေးစရာရှိပါတယ်။ array ထဲက data တစ်ခုချင်းစီမှာ ကိုယ်ပိုင်နံပါတ်ကလေးတွေ ရှိကြပါတယ်၊ လူတွေမှာနာမည်တွေရှိသလိုပေါ့။ အဲဒီ့ နံပါတ်တွေကိုခေါ်ပြီး သက်ဆိုင်ရာ data တွေကိုအသုံးပြုနိုင်ပါတယ်။ array ထဲက data တစ်ခုချင်းစီမှာ index(နံပါတ်) တစ်ခုနှင့် value(တန်ဖိုး)တစ်ခုစီရှိကြပါတယ်။ array ဟာတကယ်တော့ memory ပေါ်မှာအခန်းတွေဖွဲ့ပြီး data တွေကိုသိမ်းထားတာပါ၊ အခန်းတစ်ခန်းချင်းစီမှာ ကိုယ်ပိုင်နံပါတ်နှင့် အခန်းထဲမှာသိမ်းထားတဲ့ တန်ဖိုးတစ်ခုစီရှိပါတယ်။ အောက်ကပုံလေးဟာ official java tutorial page ကနေယူထားတာပါ။

Array

 

Array ရဲ့အခန်းတွေကိုနံပါတ်မှတ်ရာမှာ ပထမဦးဆုံးအခန်းကို “0”(zero) လို့မှတ်ပါတယ်၊ ဒုတိယအခန်းကိုတော့ “1” မှတ်ပါတယ်။ Array တစ်ခုမှာ length ဆိုတာရှိပါတယ်။ array ရဲ့ length ဆိုတာကတော့ သူ့ထဲမှာပါဝင်တဲ့ data အရေအတွက်၊ တစ်နည်းပြောရရင် အခန်းအရေအတွက် ပါပဲ။ array ထဲမှာ အခန်း ၅ ခန်း သို့မဟုတ် data ၅ ခုပါတယ်ဆိုရင် သူ့ရဲ့ length က ၅ ဖြစ်ပါတယ်။ array ရဲ့ပထမဆုံးအခန်းကို “0” လို့ပေးထားတဲ့အတွက်၊ array length က ၅ ဖြစ်တယ်ဆိုရင် နောက်ဆုံးအခန်းရဲ့နံပါတ်က ၄ ဖြစ်ပါတယ်။ array တွေကိုကိုင်တွယ်တဲ့အခါ ဒီအချက်ကိုသတိထားသင့်ပါတယ်။ array ဆိုတာ type တူတဲ့ variable တွေကိုစုထားတာ ဖြစ်တဲ့အတွက် array type ကိုကြော်ငြာတဲ့အခါ ရှေ့ကပိုစ့်တွေမှာပြောထားတဲ့ variable type တွေကို array ရဲ့ type အဖြစ်သုံးနိုင်ပါတယ်၊ class တွေကိုလည်း array type အဖြစ်သုံးနိုင်ပါတယ်။ array ကြော်ငြာပုံကို နမူနာကြည့်ပါဦး။ int[] arr; ဒီလိုမျိုးကြော်ငြာရပါတယ်၊ array ရဲ့ length ကိုသတ်မှတ်တာက တော့ဒီလိုမျိုးပါ arr=new int[3]; ၊ array ထဲကို data ထည့်ပြီဆိုရင်ဒီလိုပါ arr[0] = 100; arr[1] = 200; arr[2] = 300; အောက်မှာနမူနာ program တစ်ပုဒ်ပေးထားပါတယ်။

“ArrayExample.java”

class ArrayExample {

public static void main(String[] args) {

int[] anArray;              // declares an array of integers

 

anArray = new int[10];      // allocates memory for 10 integers

anArray[0] = 100; // initialize first element

anArray[1] = 200; // initialize second element

anArray[2] = 300; // etc.

anArray[3] = 400;

anArray[4] = 500;

anArray[5] = 600;

anArray[6] = 700;

anArray[7] = 800;

anArray[8] = 900;

anArray[9] = 1000;

 

System.out.println("Element at index 0: " + anArray[0]);

System.out.println("Element at index 1: " + anArray[1]);

System.out.println("Element at index 2: " + anArray[2]);

System.out.println("Element at index 3: " + anArray[3]);

System.out.println("Element at index 4: " + anArray[4]);

System.out.println("Element at index 5: " + anArray[5]);

System.out.println("Element at index 6: " + anArray[6]);

System.out.println("Element at index 7: " + anArray[7]);

System.out.println("Element at index 8: " + anArray[8]);

System.out.println("Element at index 9: " + anArray[9]);

}

}

 

ဒီမှာတခြားသော array ကြော်ငြာနည်းတွေပြထားပါတယ်၊ လေ့လာလိုက်ပါဦး။
byte[] anArrayOfBytes;

short[] anArrayOfShorts;

long[] anArrayOfLongs;

float[] anArrayOfFloats;

double[] anArrayOfDoubles;

boolean[] anArrayOfBooleans;

char[] anArrayOfChars;

String[] anArrayOfStrings;

 

ကြော်ငြာခြင်း၊ တန်ဖိုးထည့်ခြင်း နှင့် အသုံးပြုခြင်း

String[] strArray; ဒါဟာ array ကြော်ငြာတာပါ။

String strArray[]; ဒီလိုကြော်ငြာလို့လည်းရပါတယ်။

String[] strArray = new String[10]; ဒါကလည်းကြော်ငြာတာပါပဲ၊ သူကအခန်းအရေအတွက်ကို ပါ

တစ်ခါတည်းကြော်ငြာသွားပါတယ်။

ကြော်ငြာပြီးရင် တန်ဖိုးထည့်ရပါတယ်။
anArray[0] = 100; // initialize first element

anArray[1] = 200; // initialize second element

anArray[2] = 300; // etc.


ဒီလိုမျိုး array ကိုဖန်တီးပြီး တန်ဖိုးထည့်တာကို တစ်ခါတည်းပေါင်းရေးလို့ရပါတယ်။

int[] intArray = {100, 200, 300, 400, 500, 600, 700, 800, 900, 1000};


ဒီလိုလည်းရပါသေးတယ်၊ ကိုယ်နှစ်သက်သလိုအသုံးပြုနိုင်ပါတယ်။

int[] intArray = new int[] {100, 200, 300, 400, 500, 600, 700, 800, 900, 1000};


array တစ်ခုနှင့်တစ်ခု ကော်ပီကူးရင်တော့ဒီလိုပါ။

ArrayOne = ArrayTwo;


ဒါပေမဲ့ အဲဒီလိုကော်ပီကူးရင် အဲဒီ array နှစ်ခုဟာချိတ်ဆက်သွားပါတယ်။ ဆိုလိုတာက array တစ်ခုရဲ့အခန်းထဲက တန်ဖိုးတစ်ခုပြောင်းတဲ့အခါ၊ အဲဒီ array နဲ့ချိတ်ဆက်ထားတဲ့ array ရဲ့အလားတူအခန်းထဲက တန်ဖိုးဟာလည်း ပြောင်းလည်းသွားရပါတယ်။

နမူနာလေးကိုကြည့်ပါဦး။

int[] ArrayOne = {100,200,300};

int[] ArrayTwo = ArrayOne;

ArrayTwo[1] = 500;

ဒီကုဒ်လေးရဲ့ အဆုံးမှာ ArrayOne နှင့် ArrayTwo တို့ရဲ့တန်ဖိုးတွေဟာ ဒီလိုမျိုးပါ {100,500,300};

ပြင်လိုက်တာက ArrayTwo ရဲ့ အခန်း ၂ ကိုပါ၊ ချိတ်ဆက်ထားတဲ့အတွက် ArrayOne ရဲ့အခန်း ၂ ပါပြောင်းလဲသွားပါတယ်။


တကယ်လို့ array တွေကိုချိတ်ဆက်မှုမရှိပဲ ကူးချင်တယ်ဆိုရင် Arrays.copyOf(firstArray, firstArray.length); အဲဒီလိုရေးရမှာပါ။ နမူနာကိုကြည့်ပါ။

int[] ArrayTwo = Arrays.copyOf(ArrayOne, ArrayOne.length);


Loop နှင့် array

ArrayExample.java ဆိုတဲ့နမူနာကိုကြည့်ပြီး ထူးခြားတာတစ်ခုတွေ့ပါလိမ့်မယ်၊ သဘောတရားတူတဲ့ ကုဒ်တွေကို ထပ်ကာထပ်ကာရေးထားပါတယ်၊ ဒါဆိုရင် loop ကိုသုံးမယ်ဆိုရင် ကုဒ်တွေကို ထပ်ကာထပ်ကာရေးစရာမလိုတော့ပါဘူး။ array တွေအတွက်သီးသန့် စပယ်ရှယ် loop တစ်မျိုးရှိပါတယ်၊ အဲဒါကတော့ “for each” loop လို့ခေါ်ပါတယ်။ ဒီလိုရေးရပါတယ် for( variable : collection ) { } လို့ပေါ့။ for each ရဲ့သဘောက ဒီ array သို့မဟုတ် collection ထဲက data တွေကိုတစ်လှည့်စီ loop ပတ်မယ်ဆိုတဲ့သဘောပါ။ collection အကြောင်းကိုတော့ နောက်မှရှင်းပြတော့မယ်၊ array ဆိုတာလည်း collection တစ်မျိုးပါပဲ။ ဒီ for each ထဲက collection ဆိုတဲ့နေရာမှာ ကိုယ် loop ပတ်ချင်တဲ့ array ဒါမှမဟုတ် collection ကိုထည့်ရပါမယ်။ variable ဆိုတဲ့နေရာမှာတော့ loop ပတ်တဲ့အခေါက်တိုင်းမှာ collection ထဲက data တစ်ခုချင်းစီကို ကိုယ်စားပြုမယ့် variable ကိုထည့်ရပါမယ်။ ဒီ variable ရဲ့ type က array ရဲ့ type နဲ့တူရပါမယ်။ အောက်ကနမူနာကို လေ့လာကြည့်ပါဦး သူ့ရဲ့အဖြေက ArrayExample.java ရဲ့အဖြေနဲ့အတူတူပါပဲ။

“ShrinkOfArrayExample.java”

class ShrinkOfArrayExample {

public static void main(String[] args) {
int[] intArray = {100, 200, 300, 400, 500, 600, 700, 800, 900, 1000};

for (int i : intArray) {

System.out.println(i);

}

}

}

 

Command Line Parameters

မိတ်ဆွေတို့ သတိထားမိကြမှာပါ String[] args ဆိုတဲ့စာသားကို ခဏခဏမြင်ဖူးမှာပါ။ String[] args ဆိုတာ array ပါပဲဆိုတာပြောစရာမလိုတော့ပါဘူး၊ ဒါပေမဲ့ ပြောစရာတော့ရှိပါတယ်။ main ဆိုတဲ့ method ထဲကကုဒ်တွေ run တဲ့အချိန်မှာ၊ အဲဒီ args ဆိုတဲ့ array ကိုယူသုံး(access)ခွင့်ရှိပါတယ်။ ဒါဆိုမေးစရာရှိတာက အဲဒီ array ကဘယ်ကနေဘယ်လိုရောက်တာလဲ။ command line ကနေ java ဆိုတဲ့ command ကိုရိုက်ပြီး၊ java class ဖိုင်ကို run လိုက်တဲ့အချိန်မှာ၊ အဲဒီ command ရဲ့အနောက်ကနေ စာသားတစ်ခုခု ထည့်ပေးလိုက်လို့ရပါတယ်။ အဲဒီစာသားက args ရဲ့တန်ဖိုးအနေနဲ့ args ရဲ့အခန်းထဲကိုရောက်သွားမှာပါ။ ဒီလို command ကို java ExampleClass aaaa bbbb cccc စမ်းကြည့်လိုက် ရင် args{“aaaa”, “bbbb”, “cccc”} ဆိုပြီးတော့ args ရဲ့အခန်းတွေထဲကို string အနေနဲ့ဝင်သွားမှာပါ။ နမူနာလေးကိုကြည့်လိုက်ပါဦး။ နောက်နေဒီလိုမျိုး run နော်၊ java Message hello ဒါမှမဟုတ် java Message hey hi how အဲဒီလိုမျိုး ပုံစံအမျိုးမျိုး run ကြည့်ပါ။

“Message.java”

public class Message {

public static void main(String[] args) {

for (int i = 1; i < args.length; i++) {

System.out.println( args[i] );

}

}

}

Previous ; Java Tutorial 8

Next : Java Tutorial 10

Wednesday, January 22, 2014

Samsung Tech Institute mobile app training

Samsung Tech Institute Mobile App Training


Samsung Tech Institute Mobile App Training သင်တန်းကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဒီနေ့  22, January, 2014 ကနေပြီး March 21 2014 ခုနှစ်အထိ သင်တန်းပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်မယ့် ကျောင်းသူ၊သားများ အနေဖြင့် ကျောင်းကို အမြန်ဆက်သွယ်ပေးကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့်

ဝေဖြိုးအောင် [ itstudentpro ]