Tuesday, January 28, 2014

Java Tutorial 10

Java Tutorial 10 (OOP)

Java ဟာ object-oriented programming(OOP) language တစ်ခုဖြစ်ပါတယ်။ OOP program တစ်ခုဟာ object တွေနဲ့ပါဝင်ဖွဲ့စီးထားပါတယ်၊ java program တွေတော်တော်များများဟာ object တွေအများကြီးနဲ့ စုပေါင်းတည်ဆောက်ထားတာပါ။ object တွေဟာသူတို့နဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်၊ အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ သူတို့အချင်းချင်း ပတ်သက်ဆက်နွယ်ပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။ program အကြီးတွေတည်ဆောက်တဲ့ အခါမှာ အဲဒီ program ရဲ့အလုပ်ဟာ အင်မတန်ရှုပ်ထွေးပါတယ်၊ အဲဒီအခါ အလုပ်တွေကို အစိတ်အပိုင်းသေးသေးလေးတွေ အဖြစ်ခွဲထုက်လိုက်ရပါတယ်။ အဲဒီ အလုပ်အစိတ်အပိုင်းလေးတွေကို လုပ်ဆောင်နိုင်တဲ့ program အစိတ်အပိုင်းတွေတည်ဆောက်ပြီး၊ အဲဒီ program အစိတ်အပိုင်းတွေကို ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ အလွန်ကြီးမားတဲ့ software ကြီးတစ်ခုကိုရရှိပါတယ်။

Object တွေမှာ အစိတ်အပိုင်းနှစ်ခုပါဝင်ပါတယ်၊ state (အင်္ဂါ)တွေနဲ့ behavior (အမူအကျင့် အလုပ်) ဆိုတဲ့ characteristics တွေပါဝင်ပါတယ်။ ဥပမာ လူဆိုပါတော့ လူမှာ ခေါင်းခါးခြေလက် အရပ် ကိုယ်အလေးချိန် စသည်ဖြင့် state တွေရှိသလို၊ အစာစားခြင်း သွားလာလှုပ်ရှားခြင်း စသည်ဖြင့် behavior တွေလည်းရှိပါတယ်။

 

Class

Class ဆိုတာ object ရဲ့တည်ဆောက်ပုံ ပုံကြမ်းပါပဲ၊ object တစ်ခုဟာ ဘယ်လိုမျိုး ဖွဲ့စည်းတည်ဆောက်ထားရမလဲဆိုတာကို class ကသတ်မှတ်ပေးပါတယ်။ ကိုယ်လိုချင်တဲ့ object တစ်ခုရအောင်လို့ class ထဲမှာပုံကြမ်းတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ လောကကြီးကိုကြည့်လိုက်ပါ သဘောတရားတူညီသော အမျိုးအစားတူညီသော အရာဝတ္ထုတွေ သက်ရှိတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် laptop computer ဆိုပါတော့ အဲဒီ laptop computer တွေမှာ brand တွေအများကြီးကွဲပြားနေပါတယ်၊ lenovo, acer, toshiba, hp, dell စသည်ဖြင့်ပေါ့၊ ဒါပေမဲ့သူတို့တွေဟာ အမျိုးအစားနဲ့လုပ်ဆောင်ချက်တွေ ဆင်တူပါတယ်၊ ဆိုလိုတာက သူတို့အားလုံးမှာ memory ပါမယ် CPU ပါမယ် motherboard ပါမယ် harddisk ပါမယ် စသည်ဖြင့်ပေါ့။ အဲဒီလိုအမျိုးအစားတူတဲ့ အတွက်သူတို့ကို class တူတယ်လို့ပြောလို့ရပါတယ်။ ဒါဆိုရင် OOP ရဲ့သဘောတရားအရဆိုရင် Lenovo, acer, Toshiba တို့ဆိုတာ object တွေပါ၊ laptop computer ဆိုတာကတော့ class ပါပဲ၊ ဒီ Lenovo တို့ acer တို့ဟာ laptop computer ဆိုတဲ့အမျိုးအစားတူညီကြပါတယ်။ အဲဒီတော့ laptop computer ဆိုတဲ့ class တစ်ခုတည်ဆောက်ပြီးတော့ lenovo, acer, toshiba, hp, dell စသည် object တွေကိုလည်းဖန်တီးနိုင်ပါတယ်။

 

ဒါဆိုရင် ဘယ်မျိုး class တွေ object တွေတည်ဆောက်မလဲ။ software တစ်ခုရေးတော့မယ်ဆိုရင် အရင်ဆုံး ဘယ်အစိတ်အပိုင်းတွေ ဘယ်လိုလုပ်ဆောင်သလဲ ဆိုတာစဉ်းစားသတ်မှတ်ရပါမယ်၊ အဲဒီ software မှာပါဝင်မယ့် noun(နာမ်) တွေကိုရှာဖွေရပါမယ်၊ အဲဒီ noun တွေကို class အဖြစ်ဖန်တီးရပါမယ်။ software မှာပါဝင်တဲ့ verb(ကြိယာ) တွေကိုတော့ behavior အဖြစ်သတ်မှတ်ရပါမယ်။ ဥပမာဆိုပါတော့ ဈေးဝယ်တဲ့ software တစ်ခုမှာ ပစ္စည်းမှာမယ်ဆိုပါတော့၊ ဒါဆိုရင် item, order, customer address စသည်တို့ကို class တွေအဖြစ်သတ်မှတ်ရပါမယ်။ အော်ဒါမှာတဲ့ verb တွေဖြစ်တဲ့ addToCart(), cancelOrder(), deliverOrder() စသည်ဖြင့် behavior တွေသတ်မှတ်ပေးရပါမယ်။

 

Class ကိုစတင်အသုံးပြုခြင်း

Class တစ်ခုကိုအောက်ကနမူနာအတိုင်း ကြော်ငြာရပါတယ်။

class SampleClass {

 

}

 

တွန့်ကွင်းထဲမှာ အဲဒီ class ရဲ့ state(variable) နဲ့ behavior(function) တွေထည့်သွင်း ရေးသားပေးရပါမယ်။ variable ကို property လို့လည်းခေါ်လို့ရပါတယ်၊ function ကိုလည်း method လို့ခေါ်လို့ရပါတယ်။ class ထဲမှာ property တွေထည့်သွင်းကြော်ငြာမယ်ဆိုရင် variable ကြော်ငြာသလိုပါပဲ။

 

variable တွေကိုသုံးမျိုးခွဲခြားနိုင်ပါတယ်၊ class ရဲ့တွန့်ကွင်းထဲမှာ class ရဲ့အောက်တည့်တည့်မှာ တိုက်ရိုက်ပါဝင်တဲ့ variable ကို field လို့ခေါ်ပါတယ်။ method ထဲမှာပါတဲ့ သို့မဟုတ် class ရဲ့တွန့်ကွင်းမဟုတ်တဲ့ တခြားတွန့်ကွင်းထဲမှာ ပါတဲ့ variable ကိုတော့ local variable လို့ခေါ်ပါတယ်။ method ကြော်ငြာတဲ့အထဲမှာ ပါတဲ့ variable ကို parameter လို့ခေါ်ပါတယ်။ ဒါဆိုရင် class တစ်ခုကိုကြော်ငြာပြီး အဲဒီ class ရဲ့ field တွေကိုပါကြော်ငြာတဲ့ နမူနာတစ်ခု ရေးကြည့်ရအောင်လား။

 

class LaptopComputer {

public int memorySize;

private string CPU;

public int harddiskSize;

}

 

ဒီမှာတစ်ခုသတိထားမိတာရှိ ပါလိမ့်မယ်၊ private နဲ့ public ဆိုတဲ့စာကားလုံးတွေပါ။ အဲဒီစကားလုံးတွေကို access modifier လို့ခေါ်ပါတယ်၊ တခြား access modifier တွေလည်းရှိပါတယ် ဒါပေမဲ့ လောလောဆယ် ဒီနှစ်ခုကိုပဲမှတ်သားထားပါ ကျန်တာတွေနောက်မှပဲ ရှင်းပြပါမယ်၊ ဒါမှမဟုတ်ရင်လည်း မိမိဘာသာရှာဖွေလေ့လာကြည့်ပါ။ private လို့ကြော်ငြာထားတဲ့ field variable ကိုဒီ class ထဲကနေပဲအသုံးပြုလို့ရပါတယ် တခြားနေရာကနေ တခြား class တစ်ခုကနေ ယူသုံးလို့မရပါဘူး။ public လို့ကြော်ငြာထားရင်တော့ ဘယ်နေရာကနေ ဖြစ်ဖြစ်ယူသုံးလို့ရပါတယ်။

Member Function

Function ဆိုတာကုဒ်အစုအဝေး တစ်ခုပါ၊ သူကဒီအတိုင်းနေရင် အလုပ်မလုပ်ပါဘူး၊ သူ့ကိုအလုပ်လုပ်ဖို့ခေါ်(call)လိုက်မှ သူကလုပ်တာပါ။ class တစ်ခုကို run လိုက်ရင်အဲဒီ class ထဲက main ဆိုတဲ့ function ကို system ကအလိုအလျောက်ခေါ်ပါတယ်။ မိတ်ဆွေတို့ main function ကိုမြင်ဖူးပါတယ်။ function တစ်ခုကိုဘယ်လို ကြော်ငြာရလည်းဆိုတာ အောက်မှာကြည့်ပါ။

public int calculateMemorySize() {

 

}

public ဆိုတာက access modifier ပါသူ့အကြောင်းကို အပေါ်မှာရှင်းပြပြီးပါပြီ။ function တွေမှာလည်း access modifier က field variable ကလိုပါပဲ။ int ဆိုတာက return type လို့ခေါ်ကြပါတယ်။ function တစ်ခုကိုခေါ်ပြီးရင် အဲဒီ function ကအလုပ်လုပ်လို့ပြီးချိန်မှာ၊ သူတွက်ချက်ပြီးလို့ ရတဲ့တန်ဖိုးကို function ခေါ်တဲ့နေရာကိုပြန်ပေးပါတယ်။ return ပြန်တဲ့တန်ဖိုးက int အမျိုးအစားဆိုရင် int လို့ရေးရပြီး၊ string ဆိုရင် string လို့ရေးရတယ်။ ဘာတန်ဖိုးမှ return မပြန်ရင် void လို့ရေးရတယ်။ () လက်သည်းကွင်းရဲ့ရှေ့ကတော့ function ရဲ့နာမည်ပဲဖြစ်ပါတယ်။

 

လက်သည်းကွင်းထဲမှာ တန်ဖိုးတစ်ခုခု သို့မဟုတ် variable တစ်ခုခုထည့်ပေးလို့ရပါတယ်။ အဲဒီတန်ဖိုးက parameter လို့ခေါ်ပါတယ်။ function အလုပ်လုပ်တဲ့အခါမှာ လိုအပ်တဲ့တန်ဖိုးကို၊ အဲဒီ function ကိုခေါ်တဲ့အခါမှာ လက်ဆင့်ကမ်းပေးလိုက်ရပါတယ်။ ဒါကို parameter passing လို့ခေါ်ပါတယ်။

 

Function တစ်ခုကိုခေါ်မယ်ဆိုရင် အရင်ကြော်ငြာဖို့လိုအပ်ပါတယ်၊ ကြော်ငြာထားတဲ့ function ကိုပဲခေါ်လို့ရပါတယ်။ function ရဲ့နာမည်ကိုရေးခြင်းဖြင့် function ကိုခေါ်ဆိုနိုင်ပါတယ်။

 

public class Computer {

public int memorySize;

public int displayMemorySize() {

System.out.println(memorySize);

}

public static void main(String[] args) {

Computer lenovo = new Computer();

lenovo.memorySize = 4;

lenovo.displayMemorySize(); //function called

}

}

 

ဒီအပေါ်ကကုဒ်မှာ Computer lenovo = new Computer(); ဆိုတဲ့ကုဒ်ကို သတိထားမိပါလိမ့်မယ်။ အဲဒါက class တစ်ခုရဲ့ object တစ်ခုကိုကြော်ငြာတဲ့ကုဒ်ပါ။ ဒီကုဒ်မှာဆိုရင် lenovo ဆိုတာ object ဖြစ်ပြီးတော့၊ Computer ဆိုတာကအဲဒီ object ရဲ့အမျိုးအစား(type)ပါပဲ။ java မှာ object ဆိုတာ variable တစ်ခုပါပဲ၊ variable ကြော်ငြာသလိုမျိုး object ကိုကြော်ငြာရပါတယ်။ new Computer() ဆိုတဲ့ကုဒ်က Computer ဆိုတဲ့ class ကနေပြီး object တစ်ခုကိုဖန်တီးလိုက်တာပါ။

lenovo ဆိုတဲ့ object ရဲ့ member variable တွေ ဒါမှမဟုတ် member function တွေကို ယူသုံးချင်တယ်ဆိုရင်၊ အဲဒီ object ရဲ့နောက်ကနေ “.” dot ခံပြီး variable နှင့် function တွေကိုအသုံးပြုလို့ရပါတယ်။ ဒီလိုပေါ့ lenovo.memorySize; ဒါဆိုရင် lenovo ရဲ့ field ကိုအသုံးပြုတာပါ၊ Lenovo.displayMemorySize(); ဆိုရင်တော့၊ displayMemorySize() function ကိုခေါ်တာပါ။

method သို့မဟုတ် function တွေကိုခေါ်တဲ့နေရာမှာ parameter တွေထည့်ပေးနိုင်ပါတယ်၊ အဲဒီ parameter တွေက function အလုပ်လုပ်တဲ့ အထဲကိုရောက်သွားမှာပါ။ function လက်ခံနိုင်တဲ့ parameter အမျိုးအစားနှင့် အရေအတွက်ကိုသာ ပေးပို့နိုင်တာပါ။

Java class တစ်ခုမှာ နာမည်တူတဲ့ method တွေတစ်ခုထက် ပိုရှိခွင့်ရှိပါတယ်။ method တွေဟာနာမည်တူလို့ရပေမယ့် method signatures တော့တူလို့မရပါဘူး၊ ဆိုလိုတာက မတူညီတဲ့ parameter တွေရှိရပါမယ်။ ဒီလိုနာမည်တူ method တွေကို overloaded method လို့ခေါ်ပါတယ်။ overloaded method တွေကို system ကခွဲခြားစစ်ဆေးရာမှာ parameter တွေရဲ့ type နဲ့ အရေအတွက်ကို ကြည့်ပြီးခွဲခြားပါတယ်။

Previous : Java Tutorial 9

Next : Java Tutorial 11

1 comment:

  1. […] for graduation ceremonyProfessional Web Development with PHP – PHP Installation and ConfigurationJava Tutorial 10Professional Web Development with PHP – PHP IntroductionJava Tutorial 9Samsung Tech Institute […]

    ReplyDelete