Friday, January 3, 2014

Facebook တွင် ပို့စ်တင်ခြင်း

Faebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံးနဲ့ အအောင်မြင်ဆုံး Social Network ဆိုတာ ငြင်းစရာမရှိပါဘူး.။ ကျနော်တို့မြန်မာပြည်မှာလဲ လူတွေဟာ တခြား Website တွေတောင်သိပ်မသုံးတော့ဘဲ Facebook ကိုပဲ အရမ်းသုံးလာကြတာတွေ့ရပါတယ်.။ (လောလောဆယ် မြန်မာပြည်မှ user 1.1 million ရှိနေပါတယ်) ဒီတော့ ဈေးကွက်ထိုးဖောက်မှုအပိုင်းမှာလဲ Facebook ကိုအသုံးပြုပြီး အောင်မြင်မှုရဖို့ ကြိုးစားလာကြပါတယ်.။ ကိုယ့် Product ဒါမှမဟုတ် ဆိုင်အတွက် Facebook Page ထောင်ပြီး ပို့စ်တွေတင်မယ်၊ Like များများရအောင်ကြိုးစားကြပါတယ်.။ Facebook မှာ ကြော်ငြာထည့်သွင်းချင်သူတွေ များလာသလို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေလဲ ရှိလာပါတယ်.။ Facebook ဟာ လုပ်ငန်းရှင်တွေအတွက် ထိရောက်တဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်လာပါပြီ.။ ဒါပေမယ့် Facebook Page ဟာ Like လုပ်ထားတဲ့သူတိုင်းကို ပို့စ်နဲ့ ဓါတ်ပုံတွေ ပြပေးတာတော့မဟုတ်ပါဘူး.။ Like လုပ်သူရဲ့ 17% ကိုသာ ပြပေးတာဖြစ်ပါတယ်.။ ဒီအတွက် ကိုယ်တင်တဲ့ပို့စ်ဟာ စိတ်ဝင်စားစရာဖြစ်ဖို့ Like နဲ့ Share များများရဖို့ လိုပါတယ်.။ ဒါမှသာ Viral ဖြစ်ပြီး များများ ပျံ့နှံ့သွားမှာပါ.။ Belle Beth Cooper ဟာ Facebook Page တွေရဲ့ Viral ဖြစ်မှုကို သိပ္ပံနည်းကျ လေ့လာပြီး ကိုယ့်ပို့စ်တွေ မြန်မြန်နဲ့ အများဆုံး ပျံ့နှံ့ အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ Guide လေးတစ်ခု ရေးထားခဲ့ပါတယ်.။ ဒီပို့စ်မှာ ကျနော် အဲဒီနည်းလမ်းတွေကို ပြန်လည်မျှဝေချင်ပါတယ်…

အကောင်းဆုံးအချိန်

Facebook မှာ User တွေအများကြီးရှိနေတယ်ဆိုပေမယ့် ကိုယ့်ပို့စ်ကို သူတို့ဖတ်မိဖို့လိုပါတယ်.။ လေ့လာမှုတစ်ခု အရ “အလုပ်လုပ်ချင်စိတ် နည်းပါးလာလေလေ၊ Facebook မှာ အချိန်ပိုရှိလေလေ” လို့ ဆိုပါတယ်.။ နေ့တစ်နေ့အစပြုတဲ့ မနက်ပိုင်းအချိန်မှာ လူတွေဟာ တက်ကြွနေပါသေးတယ်၊ အလုပ်လုပ်နိုင်ပါသေးတယ်.။ ဒါကြောင့် မနက်ပိုင်းမှာ ပို့စ်သိပ်မတင်တာအကောင်းဆုံးပါ.။ ပို့စ်တင်ဖို့ အကောင်းဆုံးကတော့ နေ့လည် ၁ နာရီကနေ ည ၉ နာရီအတွင်းဖြစ်ပါတယ်.။ နေ့လည် ၁ နာရီကျော်မှာ တင်တဲ့ပို့စ်တွေဟာ Share အများဆုံး ရတတ်ပြီး၊ ညနေ ၃ နာရီကျော်မှာ တင်တဲ့ပို့စ်တွေကတော့ Like အများဆုံးရပါသတဲ့.။

အကောင်းဆုံးနေ့

“အလုပ်လုပ်ချင်စိတ် နည်းပါးလာလေလေ၊ Facebook မှာ အချိန်ပိုရှိလေလေ” ဆိုတဲ့ အပေါ်က သဘောတရားအတိုင်းပဲ၊ လူတွေဟာ အားလပ်ရက်နီးလာလေလေ Facebook ပိုသုံးလာလေလေပါပဲ.။ လေ့လာမှုအရ တနင်္လာနေ့မှသည် ဗုဒ္ဓဟူးနေ့အထိ တင်တဲ့ပို့စ်တွေဟာ Engagement rates 3.5% အောက်ပဲရှိတာကို တွေ့ရပါတယ်.။ ဆိုလိုတဲ့သဘောက တနင်္လာမှသည် ဗုဒ္ဓဟူးနေ့အတွင်းမှာ Facebook မှာ လူဦးရေ နည်းတဲ့အတွက် နှိပ်ကြည့်တဲ့ Rate ကလဲ နည်းတာဖြစ်ပါတယ်.။ ပို့စ်တင်ဖို့အကောင်းဆုံးနေ့ကတော့ ကြာသပတေးနေ့ ပဲဖြစ်ပြီး 20% ကျော်အထိ Rating ရှိတာတွေ့ရပါတယ်.။ သေကြာနေ့ဟာလဲ ပို့စ်တင်ဖို့ကောင်းတဲ့နေ့တစ်နေ့ ဖြစ်ပြီး 10% ကျော်ရှိပါတယ်.။ Weekends တွေမှာတော့ 32% အထိ ရှိတတ်တာကိုတွေ့ရပါတယ်.။ ဒါပေမယ့် သက်ဆိုင်ရာကဏ္ဍအလိုက်နဲ့ နိုင်ငံအလိုက်ကွဲပြားမှုတော့ ရှိပါတယ်.။ ကျနော်တို့နိုင်ငံမှာဆို အများအားဖြင့် ရုံးမှာသုံးသူတွေ၊ ဖုန်းနဲ့သုံးသူတွေ အွန်လိုင်းတက်တတ်တဲ့ ကြာသပတေး၊ သောကြာ၊ စနေနေ့လည်ပိုင်းတွေမှာ တင်ရင်အဆင်ပြေပါလိမ့်မယ်.။ တနင်္ဂနွေနေ့ကတော့ အပြင်သွားသူသွား၊ အိမ်အလုပ်လုပ်သူလုပ်နဲ့မို့ ပုံမှန်လောက်ပဲရှိမှာပါ.။

အကောင်းဆုံးကဏ္ဍ

ပို့စ်တစ်ပို့စ် Like များများရဖို့၊ Share ရဖို့ဆိုတာ ကိုယ်တင်တဲ့ပို့စ်ရဲ့ ကဏ္ဍပေါ်မှာလဲ အများကြီးမူတည်ပါတယ်.။ လတ်တလောလူစိတ်ဝင်စားတဲ့ ကိစ္စမျိုးတွေဆို Like and Share များများရတတ်တာ တွေ့ရပါတယ်.။ မြန်မာပြည်မှာ လူစိတ်ဝင်စားဆုံးပို့စ်အမျိုးအစားတွေကတော့ Motivation နဲ့ပတ်သက်တဲ့အကြောင်းအရာများ၊ အင်တာနက်ကော်နက်ရှင်မြန်အောင် ဘယ်လိုလုပ်မလဲစသဖြင့် ဖုန်းနဲ့ အင်တာနက်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ၊ သတင်း နဲ့ လတ်တလောပေါက်နေတဲ့အကြောင်းအရာများနဲ့ မော်ဒယ်နဲ့ အနုပညာရှင်တွေရဲ့ သတင်းဓါတ်ပုံများ အစရှိတဲ့ပို့စ်တွေဖြစ်ပါတယ်.။ အချစ်အကြောင်းနဲ့ အလုပ်အကြောင်း၊ နိုင်ငံရေးအကြောင်းတွေကလဲ စိတ်ဝင်စားမှုရှိတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်.။ မြန်မာလူမျိုးတွေဟာ သူများ Share ရင် ဘာရယ်ညာရယ်မဟုတ်ကိုယ်လဲ လိုက် Share တတ်တဲ့အတွက် လတ်တလော Hot နေတာလေးတွေကိုလဲ သိဖို့လိုပါတယ်.။

ဒါတွေကတော့ Cooper ရဲ့ Scientific Guide မှာဖော်ပြထားတဲ့အချက်အလက်တွေထဲမှာ မြန်မာပြည်နဲ့ သင့်တော်မယ့် ကျနော့်ရဲ့အာဘော်အတွေ့အကြုံလေးတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်.။ မိတ်ဆွေများ Facebook သုံးခြင်းဖြင့် အောင်မြင်ကြပါစေ.။

Aung Mon Chan | HardwareZone Myanmar 
In association with Dream Riser: Content Creation Service

No comments:

Post a Comment